
ဇော်ဖိုးကေ မှ တွေ့မရှောင်အား ဘယ်ညာ ၀ိုက်လက်သီး တွဲလုံးများဖြင့် တိုက်စစ်ဆင် နေစဉ်
ဒုတိယအကြိမ် ဒဂုံရွှေအောင်လံဆု မြန်မာ့ရိုးရာလက်ဝှေ့ ပွဲစဉ်များကို ဒီဇင်ဘာလ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့တွင် အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ပြုလုပ်ခဲ့ရာ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပခဲ့သော ပထမတန်းအောင်လံဆု အကြိုဗိုလ်လုပွဲစဉ် များတွင် ဇော်ဖိုးကေ(မန္တလေး)က တွေ့မရှောင်(KLN)ကိုလည်းကောင်း၊ ထွန်းထွန်း(မြ၀တီ)က ဈာန်ထူး(တောင်ကလေး) ကို လည်း ကောင်း အသီးသီးအနိုင်ရရှိခဲ့ကြောင်း သိရသည်။ <<ဆက်ဖတ်ရန်/ပြန်ခေါက်ရန်>>


တွေ့မရှောင် (KLN) နှင့် ဇော်ဖိုးကေ (မန္တလေး) တို့၏ ပွဲစဉ်သည် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပသော ပွဲစဉ်များအနက် နောက်ဆုံးတွဲဆိုင်းအဖြစ် ကျင်းပသောပွဲစဉ်ဖြစ်ပြီး ပရိသတ်အကြိုက် ပွဲကြီးပွဲကောင်းတစ်ခု ဖြစ်ခဲ့သည်။
ယင်းပွဲစဉ်တွင် လက်ဝှေ့သမားနှစ်ဦးလုံးသည် ပထမအချီကစ၍ နောက်မဆုတ်တမ်း ယှဉ်ပြိုင်ထိုးသတ်သွားခဲ့သည်။
ပထမအချီတွင် ဇော်ဖိုးကေ(မန္တလေး)၏ ညာလက်သီးကြောင့် တွေ့မရှောင်(KLN)ခေါင်းကွဲကာ ဆရာဝန်၏ စစ်ဆေးမှုကို ခံခဲ့ရ သည်။
ဆက်လက် ယှဉ်ပြိုင်ရာတွင် ဇော်ဖိုးကေ(မန္တလေး)၏ ဘယ်ညာတွဲလုံး ၀ိုက်လက်သီးများကြောင့် တွေ့မရှောင် (KLN) အထိနာခဲ့ပြီး ညာမျက်လုံး ပိတ်လုမတတ် ဖြစ်ခဲ့သည်။
ဒုတိယအချီတွင်လည်း ဇော်ဖိုးကေ (မန္တလေး) က လက်ရည်အသာဖြင့် ဆက်လက်ဖိထိုးရာ တွေ့မရှောင် (KLN) နှစ်မိနစ် အနား တောင်းယူခဲ့ရသည်။ သို့သော် တွေ့မရှောင် (KLN)သည် ဇော်ဖိုးကေ (မန္တလေး) ကို နောက်မဆုတ်တမ်း ရင်ဆိုင်ကာ အနာခံ၍ လက်သီးခြင်း ပြိုင်ထိုးခဲ့သောကြောင့် နှစ်ဦးလုံး အထိနာခဲ့သည်။
တတိယ အချီမှစ၍ တွေ့မရှောင်(KLN)သည် နည်းဗျူဟာပြောင်းလဲကာ အောက်ခြေပိုင်း ကန်ချက်များ အသုံးပြုပြီး ယှဉ်ပြိုင် ထိုးသတ် သွားခဲ့သည်။ တွေ့မရှောင် (KLN) ၏ ကန်ချက်များကြောင့် ဇော်ဖိုးကေ (မန္တလေး) သည် ညာဘက် ညှို့သကျည်းတွင် ညိုမည်း ယောင်ကိုင်း လာခဲ့သည်။ သို့သော် ငယ်ဂုဏ်ရှိပြီး ပါဝါပိုကောင်းသော ဇော်ဖိုးကေ(မန္တလေး) က ဘယ်ညာ ၀ိုက်လက်သီး တွဲလုံးများဖြင့် တွေ့မရှောင် စိတ်ကြိုက် တိုက်စစ် မဆင်နိုင်အောင် ထိန်းထား နိုင်ခဲ့သောကြောင့် ပွဲအပြီးတွင် အမှတ်ပေးဒိုင် ငါးဦးလုံး၏ အနိုင် ပေးခြင်းကို ရရှိကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက် သွားနိုင်ခဲ့ခြင်း ဖြစ်သည်။
ထွန်းထွန်း (မြ၀တီ) နှင့် ဈာန်ထူး (တောင်ကလေး) တို့၏ ပွဲစဉ်တွင် ပွဲအစပိုင်း၌ ဈာန်ထူး(တောင်ကလေး) လက်ရည် သာသော် လည်း တတိယအချီမှစ၍ သက်လုံ ကျသွားသောကြောင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ ယခုပွဲစဉ်တွင်လည်း ဒိုင်ငါးဦးလုံးက ထွန်းထွန်း (မြ၀တီ) ကို အနိုင်ပေးခဲ့ကြသည်။
Weekly Eleven News မှ ကူးယူဖော်ပြသည်