Wednesday, November 18, 2009

ကိုမင်းကိုနိုင်အတွက်မွေးနေ့ဆုတောင်း















ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ကဗျာဆရာနှင်းခါးမိုးက AAPP ကထုတ်မယ့် ၀တ္ထုစာအုပ်တအုပ်အတွက် Cover ရော Layout ရောက် Graphic Design ဆင်ပေးပါဆိုပြီးအပ်တော့ ကျွန်တော် ၀မ်းသာကြည်နူးစိတ်မကောင်းခြင်းများစွာနဲ့ လက်ခံခဲ့ပါတယ်။

ဝမ်းသာကြည်နူးတာက ကျွန်တော်တို့အားလုံး လေးစားချစ်ခင်ရတဲ့ ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်ရဲ့ ၀တ္ထုကိုမှ ဒီဇိုင်းဆင်ခွင့်ရလိုက်လို့ပါ။ စိတ်မကောင်းတာက ကာယကံရှင် ကိုမင်းကိုနိုင်က နှစ်ရှည်ထောင်ဒဏ်တွေနဲ့ မြန်မာပြည်က ထောင်တွေထဲမှာ ဘ၀ကိုပေးဆပ်နေရလို့ပါ။
<<ဆက်ဖတ်ရန်/ပြန်ခေါက်ရန်>>



ကျွန်တော်ဒီဇိုင်းဆင်ခဲ့တဲ့ စာအုပ်၊ စီးရီးကာဗာ၊ စီးပွားရေးကြော်ငြာ တော်တော်များများမှာ ၇၅ % လောက်က ကာယကံရှင်တွေက ဘေးကနေ သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင်နဲ့ ရှိနေပြီး လုပ်ငန်းပြီးစီးခဲ့တာမျိုးပါ။ ၂၅ % လောက်ကတော့ စီးပွားရေးကြော်ငြာဒီဇိုင်းတွေ ဆိုတော့ ဂျာနယ်တိုက်ကတို့ Media လုပ်ငန်းတွေကတဆင့်အပ်တာတို့ဆိုတော့ ကာယကံရှင် မရှိပေမယ့် သိပ်ထူးခြားတာမျိုးမဟုတ်ပါဘူး။

မှတ်မှတ်ရရ ''ဒေါက်တာသန်းထွန်းရဲ့ သမိုင်းထဲကဒီဇိုင်း" စာအုပ် ဒီဇိုင်းဆင်နေဆဲကာလက အမေလူထုဒေါ်အမာရဲ့ ၉၀ ပြည့်နှစ်မွေးနေ့ပွဲ ဖြစ်ပါတယ်။ အဲဒီပွဲကို ဆရာကြီးသွားတက်ရင်း ၃၀ နိုဝင်ဘာ ၂၀၀၅ မှာ ဆုံးပါတယ်။ အဲဒီပွဲကို ကိုမင်းကိုနိုင် သွားတက်တာကိုလည်း ကျွန်တော်သိခဲ့ပါတယ်။ ကျွန်တော်က ဆရာကြီးရဲ့ စာအုပ်ဒီဇိုင်းလေးမပြီးသေးတော့ အမေ့ပွဲကို သွားမတက်နိုင်ခဲ့ပါဘူး။ အဲဒီတော့ ကိုမင်းကိုနိုင်နဲ့လည်း မဆုံဖြစ်ခဲ့လိုက်ပါဘူး။

ကျွန်တော် လွတ်မြောက်နယ်မြေမှာ စာအုပ်လေးတွေ ဂျာနယ်တွေ စီးရီးကာဗာဒီဇိုင်းတွေ လုပ်ဖြစ်တော့ ပြည်တွင်းကို အရမ်းသတိရပါတယ်။ "စိစစ်ရေးက ဖြုတ်ပြန်ပြီးတဲ့ ပြန်ပြင်ပေးပါဦး၊ ပြန်ပြီး ဒီဇိုင်းအသစ်ဆင်ပေးပါဦး၊ အနီရောင်ကမရဘူးတဲ့ အနက်ရောင်ကမရဘူးတဲ့ ငါးရိုးပုံကမရဘူးတဲ့ ခွေးပုံကမရဘူးတဲ့" စတဲ့အသံတွေလည်းကင်းလို့။ စိတ်ချမ်းသာရပါတယ်။ ဒါပေမယ့် ကျွန်တော် မကြိုက်တာက အားလုံးလောက်နီးနီးက အလကားဝေတာဖြစ်တဲ့အတွက်ကြောင့် အတွင်းက စာတွေရဲ့ အနုပညာတန်ဖိုးက အလိုလိုနေရင်း လျော့ပါးလာသလိုမျိုး ခံစားရပါတယ်။ အဲဒီလိုအချိန်မှာ ကိုမင်းကိုနိုင်စာအုပ်ကို တန်ဖိုးသတ်မှတ်ပြီး ရောင်းချတာကိုလည်း အထူးပဲ ကြိုဆိုပါတယ်။

သူ့ဝတ္ထုစာအုပ်လေးကိုဖတ်ရင်း ကျွန်တော်က အသက် ၂၀ တိတိ ပြန်ငယ်သွားသလိုမျိုး ခံစားရပါတယ်။ သူ့ဝတ္ထုလေးက ၈၈၈၈ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးနဲ့ ဆက်စပ်ပတ်သက်နေတဲ့ အချစ်ဝတ္ထုလေးပါ။ အမှန်အတိုင်းပြောရရင်တော့ အချစ်ဝတ္ထုစာအုပ်မျက်နှာဖုံးဟာ ချစ်ခြင်းအရောင်တွေပြည့်လျှမ်းနေရမှာဖြစ်ပေမယ့် ကျွန်တော်ကတော့ နီညိုရောင်ကိုပဲ သုံးဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ရင့်ကျက်ခြင်းတွေရယ် အများအတွက် သူ့ဘ၀ကိုရင်းပြီး လဲလိုက်တဲ့ သူ့ကိုယ်ပိုင်အခွင့်အရေးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ပါ။ ကျန်တာကတော့ စာဖတ်သူတွေ ကြိုက်သလို ခံစားနိုင်ပါတယ်။ ကိုမင်းကိုနိုင်နဲ့ လူချင်းမဆုံဘူးပေမယ့် ကိုမင်းကိုနိုင်ဟာ ကျွန်တော်တို့ နှလုံးသားထဲမှာ အမြဲရှိနေသူပါ။ နောက်ထပ် သူ့ဝတ္ထုစာအုပ်တအုပ် ထွက်လာတဲ့အချိန်ဟာ အားလုံး လွတ်လပ်ပျော်ရွင်တဲ့ အချိန်ကာလတခုဖြစ်ပါစေလို့လည်း သူ့ရဲ့ ၄၇ နှစ်ပြည့် မွေးနေ့အတွက် ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။

သီဟမောင်မောင်(ဂရပ်ဖစ်ဒီဇိုင်းနာ)


0 comments:

Post a Comment