Sunday, November 22, 2009

အမှန်တရားကိုရှာဖွေဖို့

ပြီးခဲ့တဲ့ အပတ်ထဲက ကျွန်တော်တို့ သင်နေတဲ့ ကိုယ်ခံပညာသင်တန်းကို ကျွန်တော်တို့ စာသင်နေတဲ့ကျောင်းက ကလေးတွေမဟုတ်ဘဲ အပြင်ကနေ သင်ချင်လို့ဆိုပြီး လာပါတယ်။ သူတို့က ကြိုးဝိုင်းထဲမှာ ထိုးဖူးထိုးစရှိတဲ့ ကလေးတွေပါ။ ဒါပေမယ့် သူတို့လေးတွေရဲ့ အပြုအမူလေးတွေကိုတော့ မနှစ်သက်မိတာ အမှန်ပါပဲ။ ဒါကြောင့် သင်တန်းပြီးချိန်မှာ အားလုံးကို စုပြီး ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေ ဆရာပေါင်းပြီး ကလေးအားလုံးကို သင်တန်းစည်းကမ်းတွေ ပြောပြပါတယ်။

ကျွန်တော်တို့သင်တန်းဟာ ကလေးတွေအတွက် မိမိကိုယ်မိမိ ခုခံကာကွယ်တဲ့ နည်းပညာတွေ တတ်ဖို့ သင်ကြားပေးတာဖြစ်ပြီး ပတ်ဝန်းကျင်နဲ့ မိမိအပေါင်းအသင်းသူငယ်ချင်းတွေအပေါ်မှာ မိုက်ရိုင်းစော်ကားဖို့ သင်ကြားပေးတဲ့ သင်တန်းကျောင်းတခု မဟုတ်တဲ့အကြောင်းကို အသေအချာပြောပြလိုက်ပါတယ်။ အခြေအနေအရ ရိုင်းပြတဲ့ ပုံပန်းသဏ္ဌာန်တွေရှိပေမယ့် ခုနကပြောတဲ့ ကလေးလေးတွေလည်း စိတ်ဝင်တစားနဲ့ နားထောင်ကြပါတယ်။

ကျွန်တော်တို့ သင်တန်းမှာ အခုဆိုရင် မိန်းကလေးတွေပါ ပါဝင်လာပြီဖြစ်တာကြောင့် စည်းကမ်းဟာ တပြေးညီဖြစ်နေဖို့ အားလုံးလိုက်နာနိုင်ဖို့ ကျွန်တော်တို့ အထူးဂရုစိုက်ရပါတယ်။ အားလုံးက တက်ကြွတဲ့အရွယ်တွေမဟုတ်လား။ အရာရာဟာ အတိမ်းအစောင်း မခံနိုင်သလို ကျွန်တော်တို့မှာ တာဝန်လည်းကြီးပါတယ်။ <<ဆက်ဖတ်ရန်/ပြန်ခေါက်ရန်>>



စပြီး သင်တန်းလုပ်ဖို့ ကျွန်တော်နဲ့ ဆရာသူရဇော်နဲ့ ပြောဖြစ်တုန်းက ဒီလောက်အထိ စိတ်ဝင်စားကြလိမ့်မယ်၊ မိန်းကလေး အင်အားကလည်း များများစားစား ပါလိမ့်မယ်လို့ မထင်မိပါဘူး။ ဒါပေမယ့် အခုတော့ သင်တန်းသား (၅၀) ကျော်ပြီမို့ ကျောင်းသားကျောင်းသူ ၃၀၀ ကျော်လောက်ရှိတဲ့ ကျောင်းတကျောင်းရဲ့ ၆ ပုံ ၁ ပုံ လောက် လာကစားကြတာပါ။ မိန်းကလေးကိုက အယောက် ၂၀ လောက်ပါပါတယ်။

အမှန်အတိုင်းပြောရရင် ပုံမှန်စာသင်နေတဲ့ ကွန်ပျူတာ သင်တန်းချိန်မှာ ကလေးတွေရဲ့ စာသင်ကြားတဲ့ ပုံစံကိုလည်း မနှစ်သက်မိပါဘူး။ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိလာတဲ့ နယ်စပ်က ကလေးငယ်လေးတွေရဲ့ ဘ၀ဟာ ကြမ်းတမ်းပါတယ်။ သူတို့ရဲ့ အပြုအမူ အပြောအဆိုတွေဟာလည်း ရိုင်းပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာ ရေရှည် စိတ်ရှည်ရှည်နဲ့ ကိုင်တွယ်ရမယ်ဆိုတာကို ကျွန်တော်တို့ရဲ့ ဦးဆောင်သူတွေနဲ့ ဆရာတွေကလည်း နားလည်ပါတယ်။ သူတို့နောက်ကွယ်မှာ ကျွန်တော်တို့ မသိနိုင်တဲ့ နာကျင်ခံစားမှုတွေလည်း ရှိနိုင်ပါတယ်။

ကျွန်တော်ကတော့ အားကစားလုပ်ခြင်းက လူတွေရဲ့စိတ်ကို နူးညံ့သိမ်မွေ့စေတယ် ဆိုတာကို သိနားလည်ထားပါတယ်။ အထူးသဖြင့် ကိုယ်ခံပညာအားကစား ပြုလုပ်သူတွေက ပိုပြီး နူးညံ့သိမ်မွေ့လိမ့်မယ်လို့ ထင်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ သင်တန်းလေးလုပ်လိုက် တာပါ။ စိတ်ပါဝင်စားစွာနဲ့ ခွင့်ပြုခဲ့တဲ့ ကျောင်းရဲ့ အကြီးအကဲတွေကိုလည်း ကျေးဇူးတင်မိပါတယ်။ ကျွန်တော်တို့ သင်တန်းမှာ လာကစားသူတွေတိုင်း အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါးသာမက ကွမ်းစားတာတောင်မှ ခွင့်မပြုပါဘူး။ နည်းနည်းမှ စားလို့လည်းမရပါဘူး။ ဒီလောက်တောင်မှ ပြင်းထန်တဲ့ မြန်မာ့ရိုးရာလက်ဝှေ့ သင်ခန်းစာတွေက သူတို့ရဲ့ အဆုတ်တွေကို အပိုအလုပ်လုပ်ခွင့် မပေးပါဘူး။ သင်တန်းချိန်အတွင်းနဲ့ သင်တန်းပြင်ပမှာ ခိုက်ရန်ဒေါသဖြစ်ခြင်းကိုလည်း ခွင့်မပြုပါဘူး။ အပြန်အလှန် လေးစားမှုရှိအောင်လည်း သင်ကြားပေးပါတယ်။

ကျွန်တော်တို့ သင်တန်းရဲ့ ရည်မှန်းချက်ကိုက ဉာဏ်ပညာနဲ့ ခွန်အား မြင့်မားလာရန်မှတပါး အခြားမည်သည့်အရာကိုမှ မမက်မောခြင်းပါ။ ကလေးလေးတွေဟာ အပြစ်ကင်းစင်ပါတယ်။ သူတို့တွေဟာ ချစ်ခြင်း မေတ္တာတရားနဲ့ အမှန်တရားတွေ မွတ်သိပ်ဆာ လောင်ပါတယ်။ အဲဒါတွေကို ကောင်းကောင်း အသုံးမချနိုင်ရင်တော့ အကျိုးမဲ့ လောင်စာတွေဖြစ်ပြီး မဆိုင်တဲ့နေရာတွေမှာ စွမ်းအင်တွေအဖြစ် အသုံးချနိုင်ပါတယ်။ ကိုယ်ခံပညာအားကစား လုပ်ခြင်းကနေ သူတို့ရှာဖွေနေတဲ့ ချစ်ခြင်းမေတ္တာတရားတွေနဲ့ အမှန်တရားတွေကို ရှာဖွေပေးနိုင်ပါတယ်။ သူတို့လိုချင်တာ အမှန်တရားပါ။ မူးယစ်လောင်မြိုက်နေတဲ့ ညနေခင်းတွေမဟုတ်ပါဘူး။ ဒါ့ကြောင့် မိဘတွေက ကလေးတွေကို တဖက်က ပညာရေးအတွက် အားပေးသလို အဲဒီပညာရေး အထောက်အကူဖြစ်စေမယ့် ခွန်အားနဲ့ ဉာဏ်စွမ်းတွေရစေဖို့ ကိုယ်ခံပညာအားကစား တခုခုပြုလုပ်ဖို့လည်း အားပေးကြစေချင်ပါ တယ်။


သီဟမောင်မောင်



0 comments:

Post a Comment